မဲသေရောဂါ
မဲသေရောဂါ သို့မဟုတ် ပလိပ်ကပ်ရောဂါ (Black Death)သည် လူ့သမိုင်း၌ အဖျက်စွမ်းအား အကြီးမားဆုံး ကူးစက်ရောဂါများအနက် တမျိုး ဖြစ်ကာ၊ ၁၃၄၇ မှ ၁၃၅၁ ခုနှစ်ထိ အာရှနှင့် ဥရောပရှိ လူသန်းပေါင်း ၇၅ မှ သန်းပေါင်း ၂၀၀ ထိ သေကြေပျက်စီးခဲ့ပြီး၊ ဥရောပတွင် အဆုံးစွန် မွှေနှောက်ခဲ့သည်။[၁][၂][၃] ယာစီနီယာ ပက်စတိ ဆိုသော ဘက်တီးရီးယားသည် ပလိပ်ရောဂါ ကပ်ပုံစံ အမျိုးမျိုးကို ဖြစ်ပွားစေရသည့် အကြောင်းရင်းဟု ယုံကြည်ကြသည်။ မဲသေရောဂါကြောင့် ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ ပြိုလဲကာ၊ ဥရောပသမိုင်းအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိခဲ့သည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/4/4e/1346-1353_spread_of_the_Black_Death_in_Europe_map.svg/220px-1346-1353_spread_of_the_Black_Death_in_Europe_map.svg.png)
မဲသေရောဂါသည် ဗဟိုအာရှ (အလယ်အာရှ)၏ ခြောက်သွေ့သော လွင်ပြင်များတွင် မြစ်ဖျားခံပြီး၊ ထိုမှတဆင့် ပိုးလမ်းမကြီးကို ဖြတ်ပြီး ၁၃၄၃ တွင် ခရိုင်မီးယားသို့ ရောက်ရှိလာသည်ဟု ယူဆသည်။[၄] ကုန်သင်္ဘောများတွင် အမြဲတစေ ကပ်ပါလာတတ်သော ကြွက်မဲများပေါ်တွင် နေထိုင်သော ကြွက်သန်းမဲများကြောင့် ဖြစ်ပွားရခြင်း ဖြစ်နိုင်ချေ အလွန် ရှိပြီး၊ မြေထဲပင်လယ်နှင့် ဥရောပတလျှောက် ပျံ့နှံ့သွားသည်။
မဲသေရောဂါကြောင့် ဥရောပတိုက်ရှိ လူဦးရေ စုစုပေါင်း၏ အနီးစပ်ဆုံး ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ သေကြေကြရသည်။[၅] ခြုံရလျှင်၊ ၎င်းပလိပ်ရောဂါကြောင့် ၁၄ ရာစုနှစ်တွင် ကမ္ဘာ့လူဦးရေသည် အနီးစပ်ဆုံး သန်း ၄၅၀ မှ သန်း ၃၅၀-၃၇၅ ထိ လျော့ကျသွားခဲ့သည်။[၆] ထိုလူအရေအတွက်သို့ ပြန်ရောက်ရှိရန် ကမ္ဘာသည် နှစ် ၂၀၀ အချိန်ယူရသည်။[၇][၈] ၁၉ ရာစု ရောက်ခါနီးတွင် ဥရောပ၌ ၎င်းမဲသေရောဂါ ပြန်လည် ဖြစ်ပွားလိုက်သေးသည်။
ဖြစ်စဉ်
ရောဂါဇစ်မြစ်
ယာစီနီယာ ပက်စတိကြောင့် ဖြစ်ရသော ပလိပ်ရောဂါသည် ဗဟိုအာရှ၊ ကာဒစ္စတန်၊ အနောက်အာရှ၊ မြောက်အိန္ဒိယနှင့် ယူဂန်ဒါတို့ ပါဝင်သော ဒေသအမျိုးမျိုးတွင် မြေအောင်း ကိုက်ဖြတ်စားသတ္တဝါများက သယ်ဆောင်လာသော သန်းများ ပွားများခြင်းကြောင့် ဖြစ်ရသော မြေလျှောက်ရောဂါ ဖြစ်သည်။ [၉]