ထိပ်တန်းသားရဲတိရစ္ဆာန် (သို့) တောဘုရင်
ထိပ်တန်းသားရဲ (သို့) တောဘုရင် (ခေါ်) သားရဲ ဦးသျှောင် (အင်္ဂလိပ်: Apex Predator) ဆိုသည်မှာ သဘာဝအတိုင်း ဖြစ်တည်နေမှုတွင် ၎င်းတို့အား အစာအဖြစ် အမဲလိုက်စားသုံးသူ သားရဲမုဆိုးမရှိသည့် သားရဲတိရစ္ဆာန်များကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အစာကွင်းဆက်၌ ထိပ်ဆုံးအဆင့်မှ ပါဝင်ကြသည်။[မှတ်စု ၁][၄][၅]
![](http://upload.wikimedia.org/wikipedia/commons/thumb/9/9e/Panthera_tigris_altaica_13_-_Buffalo_Zoo.jpg/220px-Panthera_tigris_altaica_13_-_Buffalo_Zoo.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/4/43/SaltwaterCrocodile%28%27Maximo%27%29.jpg/220px-SaltwaterCrocodile%28%27Maximo%27%29.jpg)
![](http://upload.wikimedia.org/wikipedia/commons/thumb/a/a4/Comparison_of_size_of_orca_and_great_white_shark.svg/220px-Comparison_of_size_of_orca_and_great_white_shark.svg.png)
ထိပ်တန်းသားရဲ ဆိုသောအသုံးအနှုန်းကို အစာကွင်းဆက်ဆိုင်ရာ သတ်မှတ်ချက်များ၏ ထိပ်ဆုံးနေရာ၌ တည်ရှိနေသော (သို့) ၎င်းနေရာကို ရယူထားသော တိရစ္ဆာန်များအား ရည်ညွှန်းရန် သုံးစွဲလေ့ရှိကြသည်။ ကုန်းပေါ်တွင် နေထိုင်ရှင်သန်ကြသော သက်ရှိများ၏ အစာကွင်းဆက် ချိတ်ဆက်မှုအဆင့်သည် တိုတောင်းလေ့ရှိကြပြီး အမြဲတမ်းလိုလိုပင် ဒုတိယစားသုံးသူများအနေဖြင့်သာ ဖြစ်တည်နေရန် ကန့်သတ်ခံရလေ့ရှိသည်။ ဥပမာအားဖြင့် ဝံပုလွေများသည် ၎င်းတို့၏ အစာအတွက် ကြီးမားသည့် အပင်စား တိရစ္ဆာန်များကိုသာ အမြဲတမ်းနီးပါးအမဲလိုက်ကြသည်။ ထိုအပင်စား တိရစ္ဆာန်များ၏ အစာဖြစ်သည့် အပင်များမှာ ပင်ရင်း(အစာ)ထုတ်လုပ်သူ ဖြစ်သည်။ ဤထိပ်တန်းသားရဲဟူသော သဘောတရားများကို တောရိုင်းတိရစ္ဆာန် စီမံခန့်ခွဲရေး၊ ထိန်းသိမ်းစောင့်ရှောက်မှု ဇီဝဗေဒ နှင့် သဘာဝပတ်ဝန်းကျင်ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်းများတွင် အသုံးချလာကြလေသည်။
သားရဲ ဦးသျှောင်များတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာ၌ ရှည်လျားသောသမိုင်းကြောင်းရှိခဲ့ပြီး အချိန်ကာလအားဖြင့် ပင်လယ်ပြင်တွင် Anomalocaris ကဲ့သို့သော တိရစ္ဆာန်များ ကြီးစိုးခဲ့ကြသည့် Cambrian ခေတ်ကာလများတွင် နောက်အကျဆုံးစတင်ခဲ့လိမ့်မည်ဟု ခန့်မှန်းကြသည်။
လူသားများသည် တိရစ္ဆာန်များ၊ ကြက်/ငှက်များ၊ ငါးများကို အမဲလိုက်ရာ၌ ဝံပုလွေများ၊ သားရဲငှက်များ၊ တင်ကျီးငှက်များအပါအဝင် သားရဲ ဦးသျှောင် တိရစ္ဆာန်များနှင့် ရာစုနှစ်များစွာ ပတ်သက်ဆက်နွယ်ခဲ့ကြသည်။။ မကြာသေးမီ ကာလများမှစပြီး လူသားများသည် တောဘုရင် သားရဲ ဦးသျှောင် တိရစ္ဆာန်များကို နည်းလမ်းသစ်များဖြင့် ပြန်လည်ပတ်သက်ဆက်နွယ်လာကြသည်။ အဆိုပါလုပ်ဆောင်မှုများတွင် သဘာဝပတ်ဝန်းကျင်ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်းများ၏ လုပ်ဆောင်ချက်များမှတဆင့် ကျားငါးမန်းများနှင့် ထိတွေ့ဆက်ဆံမှုများ၊ လျင့်ဇ် ကြောင်မြီးတိုများကို ၎င်းတို့၏ ဒေသရင်းနယ်မြေများသို့ ပြန်လည်ကျက်စားနိုင်စေရန် နယ်မြေဒေသသို့ ပြန်လည်မိတ်ဆက်ပေးခြင်းကဲ့သို့သော တောရိုင်းသဘာဝ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများမှတဆင့် ထိတွေ့ဆက်ဆံမှုများ အားလုံးပါဝင်သည်။
ဂေဟဗေဒဆိုင်ရာ အခန်းကဏ္ဍများ
ပတ်ဝန်းကျင် အသိုက်အဝန်းအပေါ် သက်ရောက်မှုများ
![](http://upload.wikimedia.org/wikipedia/commons/thumb/6/68/Skua_Runde.jpg/220px-Skua_Runde.jpg)
ထိပ်တန်း သားရဲတိရစ္ဆာန်များသည် သားကောင် မျိုးစိတ်များနှင့် အခြားသားရဲတိရစ္ဆာန်များ၏ အကောင်ရေ အချိုးအစား၊ ရေထုနှင့် ကုန်းမြေနှစ်ခုလုံး၏ ဂေဟစနစ် စသည်တို့အပေါ် သက်ရောက်မှုရှိသည်။ ဥပမာအားဖြင့် ဒေသရင်းမျိုးစိတ် မဟုတ်သော ငါးများကြောင့် မူလ ကြီးစိုးသူ ဒေသရင်း သားရဲငါးများကို ပျက်ဆီးစေတတ်ကြသည်။
တခါက အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သော “ရေကန်/ အင်း/ အိုင်များ ပြုပြင်ထိန်းသိမ်းရေး” ဆိုင်ရာ လေ့လာမှုတစ်ခုတွင် ဒေသရင်းမဟုတ်သော ပါးစပ်သေး ဘေ့စ်ငါး (Small mouth bass) ကို ဖယ်ရှားလိုက်သဖြင့် ဖိနှိပ်ခံထားရသည့် ဒေသရင်း သားရဲဦးသျှောင် ငါးများ ပြန်လည်လွှမ်းမိုးလာပြီး ၎င်းတို့၏ပင်ကိုဗီဇ အစာရွေးချယ် အမဲလိုက်မှုကြောင့် ဇီဝမျိုးကွဲ ပိုမိုကြွယ်ဝလာစေကာ အစာကွင်းဆက်၏ အာဟာရတန်ဖိုးအဆင့်ကို မြင့်တက်လာစေခဲ့သည်ဟု ဖော်ပြခဲ့ဖူးကြောင်းသိရသည်။[၇] သားရဲတိရစ္ဆာန်တစ်မျိုးသည် ၎င်းနေထိုင်ရာ ပတ်ဝန်းကျင်အသိုက်အဝန်းရှိ သက်ရှိများ၏ အစာကွင်းဆက်ကို အပေါ်မှ အောက်သို့ ထိန်းချုပ်ပေးနိုင်ပါက ၎င်းတို့ကို အက္ခရာကျသည့် မျိုးစိတ် (အင်္ဂလိပ်: Keystone Species) ဟု သတ်မှတ်သည်။[၈] လူသားများသည့် အသားစားသုံးမှုဖြင့် ကြီးထွားဖွံ့ဖြိုးလာကြခြင်း ဖြစ်သော်လည်း သူတို့၏အစာများသည် အမြဲတစေလိုလိုပင် တူညီမှုမရှိကွဲပြားနေကြသောကြောင့် ထိပ်တန်းသားရဲဟု မယူဆကြပေ။[၉]
ဂေဟစနစ်အပေါ် သက်ရောက်မှု
ထိပ်တန်းသားရဲတိရစ္ဆာန်များသည် သားကောင်တိရစ္ဆာန်များ၏ အကောင်ရေသိပ်သည်းဆကို ထိန်းချုပ်ခြင်းနှင့် အခြားသေးငယ်သော သားရဲတိရစ္ဆာန်များ၏ အကောင်ရေကို ကန့်သတ်ခြင်းများမှ အကျိုးဆက်များဖြင့် ဂေဟစနစ်အပေါ် များစွာသက်ရောက်မှုရှိစေသည်။[၁၀] ၎င်းတို့သည် ဂေဟစနစ်များ လည်ပတ်မှု၊ ရောဂါဘယထိန်းချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းမှု စသည်တို့၌လည်း အဓိကကျသည်။[၁၁] ထိုသို့ ဂေဟစနစ်၏ အောက်ခြေအဆင့်များအထိ ကျယ်ပြန့်သောသက်ရောက်မှုဖြစ်စေခြင်းကို “အစာအာဟာရတန်ဖိုးသတ်မှတ်မှုဖြစ်စဉ်များ (Trophic Cascades)” ဟုခေါ်သည်။ အစာကွင်းဆက်၏ ထိပ်ဆုံးအဆင့်တွင်ရှိသော သားရဲတိရစ္ဆာန်များ ဖယ်ရှားခံရမှုသည် မကြာခဏဆိုသလို လူသားအသိုက်အဝန်းများမှ စတင်အရင်းပြုလာကြပြီး အဆိုပါ Trophic Cascades ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေလေသည်။[၁၂][၁၃][၁၄] ဥပမာအားဖြင့် အစာအာဟာရ အချိုးချတန်ဖိုး (အဆင့်- ၄.၇) ရှိသော ထိပ်တန်းသားရဲများဖြစ်သည့် စပမ်းဝေလငါး အကောင်အရေအတွက်ကိုလျှော့ချခြင်းသည် အစာအာဟာရ အချိုးချတန်ဖိုး (အဆင့်- ၄) သာသာရှိသော (အခြားသားရဲများကိုပါစားသည့် သားရဲများ) ပြည်ကြီးငါးကြီးများအကောင်ရေကို တိုးလာစေသည်။[၁၅] ထိုကဲ့သို့ အကျိုးသက်ရောက်မှုဆိုင်ရာ အယူအဆကို “အလတ်တန်းစားသားရဲ လွတ်မြောက်မှုအယူအဆ (Mesopredator release hypothesis)” ဟုခေါ်ပြီး[၁၆] ထိုသို့ဖြစ်ပွားမှုမျိုးကို ကုန်းမြေနှင့် အဏ္ဏဝါဂေဟစနစ် တွဲဆက်နေရာများတွင်တွေ့နိုင်သည်။ သာဓကအားဖြင့် မြောက်အမေရိကတွင် ထိပ်တန်းသားရဲများ အရေအတွက်ကျဆင်းမှုသည် ပြီးခဲ့သည့် ရာစုနှစ် နှစ်ခုစာအတွင်း ၎င်း၏အလတ်တန်းစား သားရဲတိရစ္ဆာန် (Mesopredator) များ အကောင်ရေကို ၆၀% ခန့် တိုးပွားလာစေခဲ့သည်။[၁၇]
ထိန်းသိမ်းကာကွယ်ရေး
![](http://upload.wikimedia.org/wikipedia/commons/thumb/4/45/Canis_lupus_pack_surrounding_Bison.jpg/220px-Canis_lupus_pack_surrounding_Bison.jpg)
ထိပ်တန်းသားရဲများသည် အခြားသားရဲများ၊ အပင်စား တိရစ္ဆာန်များနှင့် အပင်များ အပေါ်တွင် သက်ရောက်မှု စွမ်းအား ကြီးမားသောကြောင့် ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် လွန်စွာအရေးပါ၏။[၁၈] လူသားများသည် ထိပ်တန်း သားရဲများစွာအား မျိုးသုဉ်းလုနီးပါးဖြစ်သည်အထိ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသော်လည်း ယခုအခါ အချို့သော ကမ္ဘာ့နေရာများတွင် ထိုသားရဲတိရစ္ဆာန်များပြန်လည် ရောက်ရှိလာကြသည်ကို တွေ့ရမည်ဖြစ်သည်။[၁၉] လက်ရှိတွင် ၎င်းတို့မှာ ရာသီဥတုပြောင်းလဲမှု၏ ခြိမ်းခြောက်မှုကို ပိုမိုခံစားနေကြရသည်။ သာဓကအားဖြင့် ဝင်ရိုးစွန်း ဝက်ဝံသည် အစာအတွက် သားကောင်များကို အမဲလိုက်ရန် ကျယ်ပြန့်သောပင်လယ်ရေခဲပြင်များ လိုအပ်သော်လည်း ရာသီဥတုပြောင်းလဲခြင်းကြောင့် အာတိတ်ဒေသ ပင်လယ်ရေခဲပြင်ကိုကျဉ်းမြောင်းစေပြီး ပိုလာဝက်ဝံများအား ကုန်းမြေပေါ်သို့ ခပ်မြန်မြန် ပြောင်းရွေ့သွားစေကာ နေထိုင်ချိန်ကာလလည်း ပိုကြာမြင့်စေသည်။[၂၀]
ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လေ့လာ ဆန်းစစ်မှုများအရ ၁၉၉၅ ခုနှစ်တွင် ယဲလိုးစတုန်း အမျိုးသားဥယျာဉ်၏ မူလ သားရဲ ဦးသျှောင်ရော အက္ခရာမျိုးစိတ်ပါဖြစ်သည့် မီးခိုးရောင် ဝံပုလွေများကို ဒေသရင်း၌ ပြန်လည်ထားရှိကျက်စားစေပြီးနောက်ပိုင်း သိသာသောပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်ကို မှတ်တမ်းတင်ခဲ့ဖူးသည်။ ဝံပုလွေများ၏ အဓိက အစာ သားကောင်ဖြစ်သော အဲခ် ဆတ်ကြီးများ၏ ယခင် အမေ့လျော့ခံ စွန့်ပစ်အရေအတွက် လျော့နည်းစေခဲ့ပြီး အစာကွင်းဆက်အတွင်းသို့ ပြန်ချိတ်ဆက်မိစေခဲ့ကာ အာဟာရတန်ဖိုး မြင့်တက်လာစေခဲ့သည့်အပြင် ၎င်းတို့၏ အမူအကျင့်များပါပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် သီးနှံပင်များအား ပုံမှန်ရိတ်သိမ်းစားသောက်ခံနေရမှုမှ ကင်းလွတ်စေခဲ့ပြီး မိုးဃ်မခပင်များ၊ အက်စပန်ပင်များနှင့် သစ်ဝါဂွမ်းပင်များ ပြန်လည်ကာ ဝေဝေဆာဆာ ပေါက်ရောက်ရှင်သန်လာခဲ့သည်။ ထိုမျှမက ဘီဗာရှဉ့်ဝံ၊ ချိုပြား ဒရယ်နှင့် အခြားတိရစ္ဆာန် မျိုးစိတ်များအတွက် စာကျက်မြေများလည်း ပြန်လည်ဖြစ်ထွန်းလာစေခဲ့သည်။ ၎င်းထိပ်တန်းသားရဲတိရစ္ဆာန်များပြန်လည်ကျက်စားလာခြင်းသည် သားကောင်မျိုးစိတ်များအပေါ် သက်ရောက်စေရုံသာမက ဥယျာဉ်အတွင်းရှိ အားနည်းသော မျိုးစိတ်တစ်ခုဖြစ်သော ဂရစ်ဇီလေ ဝက်ဝံများအပေါ်သို့လည်း သက်ရောက်စေခဲ့သည်။ ဝက်ဝံများသည် ဆောင်းခိုအိပ်စက်ရာမှ ပြန်လည်နိုးထလာချိန်တွင် လပေါင်းများစွာ အစာမစားခဲ့ရသည့်အတွက် အစာရှာဖွေရာတွင် ဝံပုလွေများ အမဲလိုက်သတ်ဖြတ်ထားသည့် သားကောင်များ၏ အကြွင်းအကျန်များကို စားသုံးရန်ရွေးချယ်နိုင်ကြစေပြီး အထူးသဖြင့် ဆောင်းဦးရာသီ၌ နောက်တဖန် ဆောင်းခိုကာလအတွက် ကြိုတင်ပြင်ဆင်ကြရာတွင် ထို့သို့လုပ်ဆောင်လာကြသည်။[၂၁] ဂရစ်ဇီလေ ဝက်ဝံများသည် ဆောင်းခိုကာလတွင် သားပေါက်ကြသည်ဖြစ်ရာ၊ ထိုကဲ့သို့ အစားအစာများ ပိုမိုပေါများလာသည့်အတွက်ကြောင့် ဝက်ဝံသားပေါက်အရေအတွက်လည်း တိုးလာသည်ကိုတွေ့ရသည်။[၂၂] လင်းယုန်များ၊ ကျီးများ၊ သပိတ်လွယ်ငှက်များ၊ ခွိုင်ယုတ္တီ မြေခွေးများနှင့် ဝက်ဝံနက်များအပါအဝင် အခြားမျိုးစိတ်များစွာသည်လည်း ဥယျာဉ်အတွင်း၌ ၎င်းဝံပုလွေများ အစာအတွက် အမဲလိုက်ထားကြသော သားကောင်အကြွင်းအကျန်များကို အမှီသဟဲပြု စားသောက်လေ့ရှိကြသည်ကို မှတ်တမ်းတင်ထားသည်ဟု သိရသည်။[၂၃]
လူသားများ၏ အစာအာဟာရတန်ဖိုးအဆင့်
![](http://upload.wikimedia.org/wikipedia/commons/thumb/3/3d/21_Walrus_Hunt_1999.jpg/220px-21_Walrus_Hunt_1999.jpg)
ဂေဟဗေဒပညာရှင်များသည် လူသားများမှာ အထွဋ်အထိပ်သားရဲ ဖြစ်ခြင်း/မဖြစ်ခြင်းအား ငြင်းခုံနေကြဆဲဖြစ်သည်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ်တွင် Sylvain Bonhommeau နှင့် အဖွဲ့သည် အစာကွန်ယက်တွင် တစ်ကမ္ဘာလုံးရှိ လူသားမျိုးစိတ်တိုင်း၏ အစာအာဟာရတန်ဖိုးအဆင့် (Human Trophic Level) ကို မျိုးစိတ်အလိုက် အချိုးအစားချ၍ တွက်ချက်ခဲ့ဖူးသည်။ ၎င်း၏ ခွဲခြမ်းစိတ်ဖြာခြင်း ရလဒ်မှာ လူသားအားလုံး၏ အစာအာဟာရတန်ဖိုး ပျမ်းမျှအဆင့်မှာ ၂.၂၁ ရှိပြီး၊ ၂.၀၄ (ဘူရွန်ဒီနိုင်ငံ၊ အပင် အခြေခံစားသုံးမှု ၉၆.၇%)နှင့် ၂.၅၇ (အိုက်စလန်နိုင်ငံ၊ အသား/ငါး-၅၀% နှင့် အပင်-၅၀%) အကြား အမျိုးမျိုးရှိသည်ဟု သိရသည်။ ဤတန်ဖိုးများသည် အန်ချိုဗီ ငါး (သို့) ဝက် ကဲ့သို့ ထိပ်တန်းသားရဲ မဟုတ်သည့် တိရစ္ဆာန်များနှင့်သာ နှိုင်းယှဉ်နိုင်သည်။[၉]
၂၀၂၁ ခုနှစ်တွင် Miki Ben-Dol နှင့် လုပ်ဖော်ကိုင်ဖက်များက လူသားများ၏ ဇီဝဗေဒဆိုင်ရာ အစာအာဟာရတန်ဖိုးအဆင့် အမျိုးမျိုးအား တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ အစာအိမ် အချဉ်ဓာတ်တိုင်းတာသကဲ့သို့ ကိရိယာကိုအသုံးပြု၍ တိုင်းတာမှုအမျိုးမျိုးကိုပြုလုပ်ခဲ့ကြသည်။ ရလဒ်ထုတ်ပြန်မှုမှာ လူသားများသည် တစ်ချိန်က ၎င်းတို့၏ အဓိကအစားအစာဖြစ်ခဲ့သော ကြီးမားသည့် တိရစ္ဆာန်များ ပျောက်ကွယ်သွားခြင်းကိုတုံ့ပြန်သည့် အကျိုးဆက်အနေဖြင့် ၎င်းတို့၏အစာများကို ကွဲပြားသွားစေခဲ့သည်ဟု ဖော်ပြထားသည်။[၂၄]
လူသားများနှင့် ဆက်ဆံရေး
![](http://upload.wikimedia.org/wikipedia/commons/thumb/9/90/37-svaghi%2C_caccia%2CTaccuino_Sanitatis%2C_Casanatense_4182..jpg/220px-37-svaghi%2C_caccia%2CTaccuino_Sanitatis%2C_Casanatense_4182..jpg)
အမဲလိုက်ခြင်း
လူသားများသည် နောက်ပိုင်းကာလများတွင် အိမ်မွေးခွေးများအဖြစ်သို့ ပြောင်းလဲလာသော ဝံပုလွေနှင့်သဏ္ဌာန်တူသည့် ထိပ်တန်းသားရဲတိရစ္ဆာန်များအား နှစ်ပေါင်း ၄၀၀၀၀ မျှ အသုံးပြု၍ အမဲလိုက်ခြင်းကို လုပ်ဆောင်ခဲ့ကြသည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှသည် ခေတ်သစ် လူသားများအား နဏ္ဍသဲကို အနိုင်ရစေရန် ကူညီပေးခဲ့လိမ့်မည်ဟု ထင်မြင်ယူဆကြသည်။[၂၅][၂၆] လူသားများသည် ခွေးများကို သားကောင်နေရာ ညွှန်ပြပေးရန် (သို့) ရရှိသည့် သားကောင်များကို ရှာဖွေရန်၊ ယူဆောင်ပေးရန်အတွက် အမဲလိုက်သော ခွေးများအဖြစ် ယနေ့တိုင် မွေးမြူ၍ အသုံးပြုပြီး အမဲလိုက်နေကြဆဲဖြစ်သည်။[၂၇]
လင်းယုန်များနှင့် သိမ်းငှက်များကဲ့သို့ ဝေဟင် ထိပ်တန်းသားရဲများကိုလည်း ငှက်များ၊ နို့တိုက်သတ္တဝါများ အမဲလိုက်ရာတွင် အသုံးပြုလေ့ရှိကြသည်။[၂၈]
ဂေဟဗေဒဆိုင်ရာ ခရီးသွားလုပ်ငန်း
![](http://upload.wikimedia.org/wikipedia/commons/thumb/8/8d/Tiger_shark_size.svg/220px-Tiger_shark_size.svg.png)
ဂေဟဗေဒ လေ့လာမှု ခရီးသွားလုပ်ငန်းသည် စီးပွားရေးဆိုင်ရာဆွဲဆောင်ရာတွင် တစ်ခါတစ်ရံ၌ ထိပ်တန်းသားရဲများအပေါ်သို့ မှီခိုကြရသည်။[၂၉][၃၀] အကျိုးဆက်အားဖြင့် ခရီးသွားဧည့်သည်များသည် ဂေဟစနစ်ကိုဝင်ရောက်စွက်ဖက်နိုင်လေသည်။ ဥပမာအားဖြင့် အဆင်ပြေစွာလည်ပတ်နိုင်သော နေရာများသို့ သားကောင်များကိုဆွဲဆောင်ရန် အစားအစာများပေးခြင်း[၂၉] ကဲ့သို့သော ကိစ္စများသည် သားကောင် အရေအတွက်နှင့် ပိုမိုကျယ်ပြန့်သော ဂေဟစနစ်အပေါ် သက်ရောက်မှုရှိနိုင်သည်။[၂၉] ထို့ကြောင့် ကျားငါးမန်း ကဲ့သို့ မျိုးစိတ်များအား နေရာချထားခြင်းသည် အငြင်းပွားဖွယ်ရာဖြစ်သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုများကို ပင်ကိုသက်သေအထောက်အထားများဖြင့် ကောင်းစွာမသတ်မှတ်နိုင်သေးပေ။[၂၉] အခြားထိခိုက်ခံခဲ့ရသော ထိပ်တန်းသားရဲများတွင် ကြောင်ကြီးမျိုးစုများနှင့် မိကျောင်းများပါဝင်သည်။[၃၁]
တောရိုင်းသဘာဝ ပြန်လည်ရှင်သန်စေခြင်း
![](http://upload.wikimedia.org/wikipedia/commons/thumb/b/b4/Lynx_Lynx_%2810597310204%29.jpg/220px-Lynx_Lynx_%2810597310204%29.jpg)
ဗြိတိသျှကျွန်းစုကဲ့သို့ လူဦးရေထူထပ်သော ဒေသများတွင် ဝံပုလွေ၊ ဝက်ဝံ၊ wolverine နှင့် lynx ကဲ့သို့သော ကြီးမားသည့် ဒေသရင်း သားရဲများမှာ ဒေသန္တရမျိုးသုဉ်းခဲ့ပြီးဖြစ်ကာ ဒရယ်ကဲ့သို့ အပင်စား တိရစ္ဆာန် ကောင်ရေများကို နှစ်ဆခန့်တိုးပွားစေခဲ့သည်။[၃၂] ၂၀၁၅ ခုနှစ်၌ ပြုလုပ်ခဲ့သော အစီအစဉ်များဖြစ်သည့် Lynx များနေထိုင်ကျက်စားစေရန် ပြန်လည်မိတ်ဆက်ခြင်းကို အင်္ဂလန်၏ နော့ဖော့ခ်၊ ကမ့်ဘရီရာ နှင့် နော်သန့်ဘာလန်း တို့တွင်လည်းကောင်း၊ စကော့တလန်တွင် အဘ္ဘာဒင်းရှီးရားတွင်လည်းကောင်း တောရိုင်းသဘာဝ ပြန်လည်ရှင်သန်စေခြင်း လှုပ်ရှားမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့သည်။[၃၃] သားရဲကြီးများအား ပြန်လည်ကျက်စားစေခြင်းကို အငြင်းပွားဖွယ်ဖြစ်စေသည့် အကြောင်းရင်း တစ်စိတ်တစ်ဒေသမှာ လယ်သမားများသည် သူတို့မွေးမြူထားသော တိရစ္ဆာန်များအတွက် စိုးရိမ်ကြောင့်ကြမှုပင် ဖြစ်သည်။[၃၃] Paul Lister ကဲ့သို့သော ထိန်းသိမ်းရေးသမားများက ဝံပုလွေနှင့် ဝက်ဝံများအား သီးသန့်နယ်မြေများပေါ်တွင် ခြံခတ်၍ စီမံထားသောနယ်မြေဒေသတွင် ခွင့်ပြုပေးရန် အဆိုပြုခဲ့သည်။[၃၃]
မှတ်စုများ
ကိုးကား
ပြင်ပလင့်များ
ထိပ်တန်းသားရဲများ၏ ဂေဟဗေဒဆိုင်ရာ ပုံမှန်လည်ပတ်စေမှု လုပ်ဆောင်ချက် ။ James Estes (UC Santa Cruz)