ဆိုလွန်

ဆိုလွန်(ဘီစီ ၆၃၈-၅၅၈)

ဆိုလွန်သည် အေသင်မြို့သား တိုင်းပြည်ပြုပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ခဲ့လေသည်။ အေသင်တို့ပိုင်သည့် ဆလမစ်ကျွန်းမှာ မက်ဂရာတို့လက်အောက် ကျရောက်နေသဖြင့်ထိုကျွန်းကို အက်သင်းမြို့သားတို့ ပြန်၍တိုက်ခိုက်သိမ်းပိုက်ရန်၊ထိုပုဂ္ဂိုလ်သည်အရူးဟန်ဆောင်၍ တေးသီချင်းများ ရေးစပ်ကာလှုံ့ဆော်တိုက်တွန်းခဲ့သည်။

ဤသို့ဟန်ဆောင်နေရခြင်းအကြောင်းမှာ အေသင်မြို့သား တို့သည် ထိုကျွန်းကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဘူးရာအရှုံးသာအဖတ်တင်သဖြင့် နောက်နောင်ထိုကျွန်းကို တိုက်ရန်အားပေးလှုံ့ဆော်သူရှိက သေဒဏ်ပေးမည်ဟုကြေညာထားသောကြောင့်ဖြစ်သည်။ ဆိုလွန်၏လှုံ့ဆော်မှုကြောင့်လူထုမှာစိတ်အားထက်သန်လာပြီးလျှင် အားသစ်လောင်း၍ ဆလမစ်ကျွန်းကိုတစ်ဖန်ပြန်၍ တိုက်ခိုက်ကြသည်တွင် အောင်မြင်သဖြင့်၊ဆလမစ်ကျွန်းကို ပြန်ရလေသည်။ ထိုအခါမှစ၍ ဆိုလွန်အား သူရဲကောင်းတစ်ဦးဟုအေသင်မြို့သားတို့က အမှတ်ထားကာ အားကိုးယုံ ကြည်ကြလေသည်။


မကြာမီအက်သင်းမြို့တွင် ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး၍ စီးပွားတိုးတက်လာ၏။ သို့သော်လည်း ဆင်းရဲသားလူထုမှာ အကျိုးမခံစားရသဖြင့် မကျေနပ်မှုများပေါ်ပေါက်၍ဆူပူလှုပ်ရှား လာရာ၊ ဘီစီ ၅၉၄ ခုနှစ်ခန့်တွင်၊ လူတန်းစားအားလုံးတို့က ဆိုလွန်အား အာကွန်ခေါ် အာဏာပိုင်တစ်ဦးအဖြစ်တင်မြှောက်ကြလေသည်။ ဤသို့ဖြင့် ဆိုလွန်မှာ ဥပဒေများကိုပြုလုပ်နိုင် ခွင့်ရရှိလေရာ၊ ဆင်းရဲသားတို့ သက်သာချောင်ချိ၍အထက် တန်းစား သူဌေးသူကြွယ်တို့၏ ဩဇာအာဏာလွှမ်းမိုးမှုကိုပယ် ဖျောက်စေသည့် ဥပဒေများကို ပြုလုပ်လေသည်။ ထိုဥပဒေများ မှာ အေသင်ဒီမိုကရေစီ၏ အခြေခံဥပဒေများဖြစ်၏။

ထိုဥပဒေများမှာ အမှုတစ်စုံတစ်ခုဖြစ်ပွား၍ ရုံးတရုံး၏ စီရင်ချက်ကို မကျေနပ်က၊ ဂျူရီလူကြီးများအဖွဲ့သို့ လူတိုင်း တက်ရောက်၍ အယူခံနိုင်ခြင်း၊ မည်သူမဆို အလှည့်ကျဂျူရီလူ ကြီးဖြစ်နိုင်၍၊ တရားသူကြီးများကို ရွေးချယ်ရာ၌ ပါဝင်အကြံ ပေးနိုင်ခွင့်ရှိခြင်း၊ လူတစ်ဦးတစ်ယောက်သည် မြေဧကမည်မျှ သာ ပိုင်ဆိုင်ရမည်ဟု ကန့်သတ်ထားခြင်း၊ ဆင်းရဲသားများ တွင်ရှိသော ကြွေးများကိုလျှော်ပစ်စေခြင်း၊ ကြွေးကြောင့် ကျွန်ခံ နေရာမှ လွတ်စေခြင်း စသည့်ဥပဒေများဖြစ်သည်။

ထိုဥပဒေများကို မင်းဆွေစိုးမျိုးနှင့် သူဌေးများထဲတွင် သဘောမတူ၍ မနှစ်သက်သူများ ရှိကြသဖြင့် အတိုက်အခံပြုမှု များ ဖြစ်ပွားတော့မည်ကို သိမြင်သောဆိုလွန်သည် အေသင်မြို့မှ တိမ်းရှောင်သွားလေသည်။ ၁ဝ နှစ်မျှ အီဂျစ်နှင့်ဆိုက်ပရပ် ကျွန်းသို့ သွားရောက်လှည့်ပတ်နေပြီးမှ အေသင်မြို့သို့ ပြန်လာခဲ့၏။ ဆိုလွန်ပြန်ရောက်လာလျှင် လွန်ခဲ့သည့်ရန်စဟောင်း များပြန်ကြွကာ၊ ဆင်းရဲသားနှင့် အထက်တန်းစားတို့၏ လူ တန်းစားတိုက်ပွဲများ ပြန်၍ဖြစ်ပွားလေသည်။ နောက်ဆုံးတွင် ဆိုလွန်နှင့်ရင်းနှီးသော မိတ်ဆွေသူကောင်းမျိုး ပိုင်ဆစ်ထရက်တပ်သည် အာဏာပိုင်တစ်ဦးအဖြစ် တက်ရောက်အုပ်ချုပ်လေ၏။ သို့လင့်ကစား ဆိုလွန်၏ အခြေခံဒီမိုကရေစီဝါဒမှာ အက်သင်းသမိုင်းတွင် အကျိုးသက်ရောက်၍ နောက်ပေါ်ပေါက် ကြသည့် ဒီမိုကရေစီဝါဒများတွင်လည်း အကျုံးဝင်လေသည်။

ဆိုလွန်သည် ဘီစီ ၅၅၈ ခုနှစ်ခန့်တွင် ကွယ်လွန်လေသည်။ ဆိုလွန်မှာ ရှေးဂရိပညာရှင်ကြီး ခုနစ်ဦးတွင် တစ်ဦး ဟူ၍ မော်ကွန်းတွင်လေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား