ဂျွန်ဒီး

ဂျွန်ဒီး (၁၃ ဂျူလိုင် ၁၅၂၇ - ၁၆၀၈ သို့မဟုတ် ၁၆၀၉) သည် အင်္ဂလိပ်လူမျိုး သင်္ချာပညာရှင်၊နက္ခတ္တဗေဒပညာရှင်၊ နက္ခတ်ဗေဒင်ဆရာ၊ဂမ္ဘီရပညာရှင်နှင့် နယ်ချဲ့ဝါဒီတစ်ဦးဖြစ်သည်။[၅] ထို့ပြင် အယ်လီဇဘက် ပထမ၏ အကြံပေးတစ်ဦးလည်းဖြစ်သည်။ သူ့ဘဝ၏ အချိန်အများစုကို အဂ္ဂိရတ်၊ ဂမ္ဘီရဉာဏ်နှင့် ဝိဇ္ဇာဓိုရ်အတတ်များအား လေ့လာခြင်းဖြင့် ကုန်ဆုံးခဲ့သူဖြစ်သည်။

ဂျွန်ဒီး
၁၆ရာစုမှ ဂျွန်ဒီး၏ပုံတူ။
အမည်မသိပန်းချီဆရာ[၁]
မွေးဖွား(1527-07-13)၁၃ ဇူလိုင်၊ ၁၅၂၇[၂]
တာဝါရပ်၊ လန်ဒန်။[၂]
ဆုံးပါး၁၆၀၈ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၁၆၀၉ခုနှစ် မတ်လ (အသက် ၈၁ နှစ်)
မော့လိတ်၊ ဆာရေး၊  အင်္ဂလန်။
နေထိုင်ရာအင်္ဂလန်
နိုင်ငံသားအင်္ဂလန်ဘုရင့်နိုင်ငံသား
နိုင်ငံလူမျိုးအင်္ဂလိပ်
နယ်ပယ်သင်္ချာ၊ အဂ္ဂိရတ်၊ နက္ခတ္တဗေဒဝိဇ္ဇာဓိုရ်အတတ်၊ ရေကြောင်းပညာ။
အဖွဲ့အစည်းဌာနခရစ်ကောလိပ်၊ မန်ချက်စတာ။ စိန့်ဂျွန်းကောလိပ်၊ ကိန်းဘရစ်။
မိခင်ကျောင်းကိန်းဘရစ် တက္ကသိုလ်
လူဗိန်း တက္ကသိုလ်
ကြီးကြပ်သူများဂမ္မာ ဖရစ်ဆီးယတ်စ်၊ ဂရားဒတ်စ် မာကေတာ။[၃]
တပည့်ကျော်များသောမတ်စ် ဒစ်ဂျစ်[၄]
ကျော်ကြားမှုအရင်းခံအယ်လီစဘက် ပထမ ၏ အကြံပေး

ဒီးသည် သိပ္ပံပညာနှင့် မှော်ပညာတို့သည် ခွဲခြားမရနိုင်သော နယ်ပယ်နှစ်ခုဖြစ်ကြောင်း ခြေစုံရပ်တည်ခဲ့သူဖြစ်သည်။ သူ့ခေတ်သူ့အခါက ပညာတတ်များတွင် တစ်ဦးအပါအဝင်ဖြစ်သော ဒီးသည် အသက်နှစ်ဆယ်ဝန်းကျင်ကပင် ယူကလစ်ဂျီဩမေတြီပညာကို လာရောက်သင်ကြားပေးပါရန် ပါရီတက္ကသိုလ်မှ ဖိတ်ကြားခြင်းခံရသူလည်းဖြစ်သည်။ ဒီးသည် လေးစားဖွယ် နက္ခတ္တဗေဒပညာရှင်ဖြစ်သည့်အပြင် တက်ကြွသော သင်္ချာသမားတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရေကြောင်းသွားလာရေးအတတ်ပညာတွင်လည်း ထိပ်တန်းရှေ့ဆောင်တစ်ဦးဖြစ်သည်။

ဤသို့ တဖက်တွင် ကြိုးသားအားထုတ်နေသကဲ့သို့ အခြားတဖက်တွင်လည်း ဒီးသည် ဝိဇ္ဇာဓိုရ်ပညာ၊ မှော်ပညာနှင့် နက္ခတ်ဗေဒင်ပညာကို နှစ်မြုပ်လေ့လာနေလေသည်။ သူ့ဘဝ၏ နှောင်းပိုင်းနှစ်သုံးဆယ်တွင် ကောင်းကင်တမန်တော်(ဝါ) နတ်များဖြင့် ဆက်သွယ်မှုပြုကာ စကြ၀ဠာ ဘာသာစကားကို လေ့လာနိုင်ရန် ကြိုးစားခဲ့သည်။


သူ့ဘဝတစ်လျောက် ဒီးသည် အင်္ဂလန်တွင် အကြီးမားဆုံးသော စာကြည့်တိုက်ဖြစ်အောင်ပင် စာအုပ်များ စုဆောင်းခဲ့သည်။

ဘဝဖြစ်စဉ်

ငယ်ဘဝ

ဒီးကို လန်ဒန်မြို့၊ တာဝါရပ်တွင် ဖွားမြင်သည်။[၆][၇][၈][၉][၁၀]သူ၏ မျိုးရိုးနာမည် "ဒီး"ဟူသည်မှာ ဝေ့လရှ်စကား ဒူ (အနက်ရောင်)မှဆင်းသက်လာခြင်းဖြစ်ပြီး သူ၏အဖိုးမှာ ဘေဒိုဒူဖြစ်သည်။ သူ၏အဖေ ရိုလန်မှာ ပိုးကုန်သည်တစ်ဦးဖြစ်သည့်အပြင် ဟင်နရီ အဌမဘုရင်မင်းမြတ်ထံ ခစားရသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း နန်းတွင်းသားတစ်ဦးဖြစ်သည်။ ဒီးမိသားစု လန်ဒန်သို့ စတင်ရောက်ရှိလာချိန်မှာ ကျူဒေါမင်းဆက်၏ ဟင်နရီ သတ္တမ နန်းတက်နေစဉ်ဖြစ်သည်။[၁၁]

ဒီးသည် အသက် ဆယ့်ငါးနှစ်အရွယ်၁၅၄၂ခုနှစ် နိုဝင်ဘာလတွင် ကိန်းဘရစ်ရှိ စိန့်ဂျွန်းကောလိပ်ကို စတင်တက်ရောက်သည်။ ၁၅၄၅ သို့မဟုတ် ၁၅၄၆ အစောပိုင်းတွင် ဝိဇ္ဇာဘွဲ့ရသည်။[၁၂][၁၃]၁၅၄၆ တွင် ဟင်နရီ အဌမ ဘုရင်မင်းမြတ်တည်ထောင်သော ကိန်းဘရစ်၊ ထရီနီတီကောလိပ်တွင် တက်ရောက်ရန် အရည်အချင်းပြည့်မှီသူအဖြစ် သတ်မှတ်ခံရသည်။[၁၄]၁၅၄၀၊ ၁၅၅၀နှစ်များတွင် သူသည် ဥရောပတခွင်လှည့်လည်သွားလာခဲ့ပြီး လူဗိန်းတက္ကသိုလ်၊ ဘရက်ဆဲလ်တို့တွင် ပညာသင်ခဲ့ပြီး ပါရီတွင် ယူကလစ်၏ပညာကို ပို့ချခဲ့သည်။ ဂမ္မာ ဖရစ်ဆီးယတ်စ်နှင့်အတူ ပညာဆည်းပူးခဲ့ပြီး မြေပုံဆွဲသူ ဂရားဒတ်စ် မာကေတာ နှင့် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်လာသည်။ သင်္ချာနှင့် နက္ခတ္တဗေဒဆိုင်ရာ ကိရိယာများစုဆောင်းပြီး အင်္ဂလန်သို့ပြန်လာသည်။ ၁၅၅၂ တွင် လန်ဒန်၌ ဂျီရိုလာမို ကာဒါနိုနှင့်ပူးပေါင်းပြီး အစဉ်ရွေ့လျားနိုင်သည့် စက်တစ်မျိုးနှင့် မှော်အစွမ်းသတ္တိရှိသော ကျောက်မြတ်တစ်လုံးကို စူးစမ်းလေ့လာခဲ့သည်။[၁၅]

၁၅၅၅တွင် ဒီးသည် ပိုးကုန်သည်များအသင်းဝင်ဖြစ်လာသည်။[၁၆]

ထို ၁၅၅၅ခုနှစ်မှာပင် မေရီဘုရင်မနှင့် အယ်လီဇဘက် ပထမတို့၏ ဇာတာခွင်ကို တွက်ချက်ကာ ဟောကိန်းထုတ်၍ အဖမ်းခံလိုက်ရသည်။[၁၇]ဒီးသည် ကြယ်ခန်းမဆောင်တွင် မိမိအပြစ်မှကင်းလွှတ်ကြောင်း လျှောက်လှဲခဲ့သော်လည်း ကတ်တလစ်ဘုန်းတော်ကြီး ဘိုနာ၏ ဘာသာရေးအရ စစ်ဆေးမှုကို ခံယူရ၏။ လျှို့ဝှက်မှုအပေါ် သူ၏ ခိုင်ခံ့သော ရာသက်ပန်ခုံမင်မှုမှာ အဆိုးဘက်သို့သာဦးတည်လာပြီး ဤဖြစ်ရပ်ကြောင့် သူ့ဘဝတစ်လျောက်လုံး ထိုးနှက်တိုက်ခိုက်မှုများကို ကြုံရလေသည်။

၁၅၅၆ခုနှစ်တွင် ဒီးသည် ရှေးဟောင်းစာအုပ်များ၊ လက်ရေးမူများ၊မှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံတော်စာကြည့်တိုက်တည်ထောင်ရန် အမြော်အမြင်ဖြင့် မေရီဘုရင်မထံ တင်ပြသော်လည်း သူ၏တင်ပြမှုကို အရေးမလုပ်ခံရပေ။ ထို့ကြောင့် မော့လိတ်ရှိ သူ၏နေအိမ်မှ စာကြည့်တိုက်ကိုသာ တိုးချဲ့ပြီး အင်္ဂလန်နှင့် ဥရောပတိုက်တခွင်မှ စာအုပ်များ၊ လက်ရေးမူများကို တရပ်စပ်စုဆောင်းတော့၏။ တက္ကသိုလ်စာကြည့်တိုက်များမှလွဲ၍ ဒီး၏စာကြည့်တိုက်သည် အင်္ဂလန်တွင် အကြီးဆုံးစာကြည့်တိုက်ဖြစ်လာပြီး ပညာသင်များကို ဆွဲဆောင်နိုင်ခဲ့သည်။[၁၈]

ဒီး၏ glyph၊Monas Hieroglyphicaကျမ်းတွင် ရှင်းပြထား.


၁၅၅၈ခုနှစ်တွင် အယ်လီစဘက် နန်းတက်လာသောအခါ ဒီးသည် ဘုရင်မကြီး၏ သိပ္ပံနှင့် နက္ခတ္တပိုင်းဆိုင်ရာ ယုံကြည်ရသော အကြံပေးဖြစ်လာသည်။ နန်းတက်ပွဲ ကျင်းပမည့်ရက်ကိုပင် ဒီးက အခါတော်ပေးရသည်။[၁၉][၂၀]၁၅၅၀မှ ၁၅၇၀ထိ အင်္ဂလန်၏ နယ်မြေရှာဖွေရေး ရေကြောင်းခရီးစဉ်များတွင် အကြံပေးတာဝန်ယူခဲ့ပြီး ရေကြောင်းသွားလာရေးအတွက် နည်းပညာပိုင်းဆိုင်ရာကူညီခဲ့သည်။ ထို့အပြင် "ဗြိတိသျှ အင်ပါယာ"တည်ထောင်နိုင်ရေးအတွက် နောက်ကွယ်မှ နိုင်ငံရေးသဘောတရားတည်ဆောက်ရာတွင် ပါဝင်ခဲ့သည်။ ("ဗြိတိသျှ အင်ပါယာ"ဟူသော အသုံးကို ဒီးက ပထမဆုံးစသုံးစွဲခဲ့ခြင်းဖြစ်သည်။)[၂၁]

၁၅၇၀တွင် ယူကလစ်၏ အခြေခံသဘောတရားများကျမ်းကို ဟင်နရီ ဘီလင်စလေက အင်္ဂလိပ်ဘာသာပြန်ဆိုသော ကျမ်းတွင် ဒီးက သင်္ချာဆိုင်ရာ ကျမ်းဦးနိဒါန်းရေးသားခဲ့သည်။ ထိုကျမ်းဦးနိဒါန်းတွင် ဒီးက သင်္ချာ၏ ဗဟိုအရေးပါမှုနှင့် သိပ္ပံနှင့် အခြားအနုပညာများအပေါ် သင်္ချာ၏လွှမ်းမိုးမှုများကို အကြမ်းဖျဉ်းဆွေးနွေးခဲ့သည်။[၂၂]ထိုဆွေးနွေးချက်သည် တက္ကသိုလ်ပြင်ပမှ လေ့လာသူများကိုရည်ရွယ်ပြီး ဒီး၏ လွှမ်းမိုးမှုအရှိဆုံးနှင့် အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ရသော လက်ရာဖြစ်သည်။ [၂၃]

နှောင်းပိုင်းဘဝ

ဗြိတိသျှပြတိုက်ရှိ ဘုရားသခင် တံဆိပ်တော်

၁၅၈၀ ခုနှစ် အစောပိုင်းတွင် ဒီးသည် သူ၏ သဘာဝတရားလျှို့ဝှက်ချက်များကို လေ့လာမှုများနှင့် လွှတ်ရုံးအတွင်း သူ၏ ဩဇာအခြေအနေကျဆင်းလာခြင်း အပေါ် မကျေမနပ်ဖြစ်လာသည်။ ပြက္ခဒိန်ကို ပြန်လည်ပြင်ဆင်ရန်နှင့် မြောက်အမေရိကကို စူးစမ်းရှာဖွေရန် သူပေးသမျှ အကြံတို့ကျရှူံးခဲ့ရသည့်အတွက် သူ၏ နိုင်ငံရေးမှာ ဆုံးခန်းတိုင်ပြီဖြစ်သည်။ သို့သော် အခြားတစ်ဖက်ကကြည့်လျင်မူ သဘာဝလွန်ကိစ္စများကို ပိုမိုစူးစမ်းလေ့လာနိုင်လာသည်။ အထူးသဖြင့် သူသည် ဖန်လုံးကြည့်သူများကို ကြားခံအဖြစ်သုံး၍ ကောင်းကင်တမန်တို့နှင့် ဆက်သွယ်နိုင်ရန် အပူတပြင်းကြိုးပမ်းခဲ့သည်။[၂၄]


ဖန်လုံးကြည့်သူအများအပြားနှင့် ဒီး၏ပထမဆုံးအားထုတ်စမ်းသပ်မှုမှာ ကျေနပ်ဖွယ်မဖြစ်ခဲ့ပေ။ သို့သော် ၁၅၈၂ ခုနှစ်တွင် သူသည် အက်ဒ်ဝက် ကယ်လီနှင့် ဆုံဆည်းခဲ့ပြီး ကယ်လီ၏အရည်အချင်းသည် ဒီးကို သဘောကျစေနိုင်ခဲ့သည်။[၂၅] ဒီးသည် ကယ်လီ့ကို သူ၏စူးစမ်းလေ့လာမှုများတွင် ကူညီရန်ခေါ်ခဲ့ပြီး အစွမ်းကုန်ကြိုးစားတော့သည်။[၂၅]ဒီးသည် လူသားတို့အတွက် အကျိုးရှိသော အရာများကို သူ၏စူးစမ်းလေ့လာမှုမှ တွေ့ရှိနိုင်မည်ဟု ယုံကြည်နေခဲ့သည်။[၂၆] ဒီးသည် ကယ်လီမှတဆင့် ကောင်းကင်တမန်များက သူ့အား စာအုပ်အများအပြားကို အထူးနတ်စကားတစ်မျိုး(ဝါ)အီနိုခီယံဘာသာစကားဖြင့် နုတ်တိုက်ချပေးခဲ့သည်ဟု ဆိုသည်။[၂၇][၂၈]

အက်ဒ်ဝက် ကယ်လီ

၁၅၈၃ ခုနှစ်တွင် ဒီးထံသို့ အထည်ကြီးပျက် ပို့လစ်ရှ်တော်ဝင်လူကြီးလူကောင်းတစ်ဦးဖြစ်သူ အယ်လဘတ် လာစကီး ရောက်လာသည်။ သူ ပိုလန်သို့ပြန်ရာတွင် ဒီးကို အတူ လိုက်ခဲ့ရန် လာရောက်ဖိတ်ကြားခြင်းဖြစ်သည်။[၁၇]ကယ်လီမှတဆင့် ကောင်းကင်တမန်တို့က ဒီးကို ခရီးထွက်ရန် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ၁၅၈၃ စက်တင်ဘာတွင် ဒီး၊ ကယ်လီနှင့် သူတို့၏မိသားစုများ အတူ ထွက်ခွာခဲ့သည်။ သို့သော် လာစကီးမှာ သူ၏နိုင်ငံတွင် ဒေဝါလီခံထားရအောင် အခြေအနေကျဆင်းနေသူဖြစ်သည်။[၂၉]ဒီးနှင့် ကယ်လီသည် သူတို့၏ ဝိဉာဉ်ပိုင်းဆိုင်ရာ တွေ့ဆုံမှုများလုပ်ရင်းကပင် အလယ်ဥရောပတွင် ရေကြည်ရာမြက်နုခဲ့ရသည်။[၂၇][၂၈]သူတို့သည် ရိုမန်အင်ပါယာပြည့်ရှင် ရူးဒေါ့ ဒုတိယ၊ ပိုလန်ပြည့်ရှင် စတီဖင် ကတ်ဆယ်တို့နှင့် ပရာ့ဂ်ရဲတိုက်တွင် တွေ့ဆုံခဲ့ပြီး ကောင်းကင်တမန်များနှင့် ဆက်သွယ်ရန်အားထုတ်နေမှု၏ အရေးပါပုံကို ဖျားယောင်းဆွဲဆောင်ခဲ့သည်။ ဒီးအား အသိဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိတစ်ဦးအဖြစ် ၎င်းတို့က အသိအမှတ်ပြုလက်ခံကြသော်လည်း ဒီး၏ အယ်လီစဘက် ပထမ နှင့် အဆက်အသွယ်ရှိမှုကြောင့် မယုံကြည်ကြပေ။ သူတို့တွေ့ဆုံမှု၏ နောက်ကွယ်တွင် နိုင်ငံရေးအရဖုံးကွယ်မှုများ ရှိနိုင်သည်ဟု မသေချာကြပေ။ အချို့က ဒီးသည် ဗြိတိသျှ ဧကရာဇ်၏ သူလျှိုဖြစ်သည်ဟု ထင်ကြသည်။( အချို့က ထင်ဆဲဖြစ်သည်။) ပိုလန်ဘုရင်သည် ဘာသာတရားကိုင်းရှိုင်းသော ကတ်တလစ်တစ်ယောက်ဖြစ်ပြီး သဘာဝလွန်ကိစ္စများအပေါ်တွင် သတိထားလေ့ရှိသူဖြစ်သော်ငြားလည်း သူတို့၏အစည်းအဝေးများသည် ပုပ်ရဟန်းမင်းကြီး၏ခွင့်ပြုချက်နှင့်အတူ ကတ်သလစ်ကျောင်းတော်၏ သာသနာပြုမူဘောင်အတွင်း၊ ယေရှု ခရစ်၏ သင်ကြားမှုများမှ သွေဖည်ခြင်းမရှိရဟူသော ကန့်သတ်ချက်များနှင့် လက်ခံတွေ့ဆုံခဲ့သည်။

၁၅၈၇ ခုနှစ်၌ ဘိုဟီးမီးယားဘုရင့်နိုင်ငံအတွင်း ပြုလုပ်သော ဝိဉာဉ်ပိုင်းဆိုင်ရာ တွေ့ဆုံပွဲတစ်ခုအတွင်းတွင် ကယ်လီက ကောင်းကင်တမန်တော် ယူရီယယ်သည် လူသားတို့အား မိမိတို့ပိုင်ဆိုင်သမျှ(ဇနီးမယားများပါ အပါအဝင်) အရာအားလုံးကို မျှဝေသုံးစွဲကြရန် ညွှန်ကြားလာသည်ဟု ဒီးအားသတင်းပို့သည်။ ထိုကာလတွင် ကယ်လီသည် အဂ္ဂိရတ်ဆရာတစ်ယောက်အဖြစ် လူသိလူသိများလာပြီဖြစ်သည်။ ဒီးမှာမူ ကောင်းကင်တမန်တို့နှင့် ဆက်သွယ်ရန်သာ အားသန်နေပြီး ၎င်းတို့က သူ့အား ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အလင်းဆိုင်ရာပညာရပ်၊ နက္ခတ်အတတ်၊ သိပ္ပံနှင့် သင်္ချာမှတဆင့် ဖြေရှင်းနိုင်ရန် ကူညီလမ်းညွှန်စောင်မမည်ဟုသာ ယုံကြည်နေသည်။ တကယ်တမ်းတွင် ကယ်လီသည် သူ့အားကြားခံအဖြစ် ဒီး၏မှီခိုနေရမှုကို အဆုံးသတ်စေချင်၍ဖြစ်သည်။[၂၉]မယားမျှသုံးရေးညွှန်ကြားချက်သည် ဒီးအား အတော်ကလေး မချိတင်ကဲဖြစ်စေခဲ့သော်လည်း သံသယနည်းနည်းမှ ဖြစ်ပုံမရချေ။ တကယ်တမ်းလည်း မယားများကို မျှသုံးခဲ့ကြသည်။ သို့ရာတွင် နောက်ပိုင်းတွင် ဒီးက တွေ့ဆုံပွဲများကို တောက်လျှောက်ဆက်တိုက် ချက်ချင်းဖျက်ပစ်သည်။ ၁၅၈၉ခုနှစ်တွင် ဒီး အင်္ဂလန်သို့ပြန်လာသည်။ ကယ်လီကမူ ရူးဒေါ့ ဒုတိယထံတွင် အဂ္ဂိရတ်ဆရာအဖြစ် အမှုထမ်းရစ်သည်။[၂၉][၃၀] ကိုးလကြာအပြီး ၁၅၈၈ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဒီး၏ဇနီးမှ သားကလေးတစ်ယောက်ဖွားမြင်သည်။ ထိုကလေးကို ဒီးက သီယိုဒိုးယတ်စ် ထရီဘနျောယတ်စ် ဒီးအဖြစ် နှစ်ခြင်းခံကာ သူ၏သားအရင်းကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည်။ ထိုစဉ်က ဒီးမှာ အသက် ၆၀ ရှိနေပြီး ကယ်လီမှာ ၃၂နှစ် သာရှိသေး၍ ထိုကလေးမှာ ကယ်လီ၏ ကလေးသာဖြစ်နိုင်သည်ဟု ဆိုကြသည်။

နောက်ဆုံးနှစ်များ

ဒီး၏ ဖန်ကျောက် အက်ဇတက် မှော်မှန်
၂၀၁၃ခုနှစ်တွင် မော့လိတ်ရှိ အပျိုစင် စိန့်မေရီချာ့ခ်ျတွင် တပ်ဆင်ထားသော ဒီးအမှတ်တရ ပလိတ်ပြား

ပြည်ပတွင် ခြောက်နှစ်ကြာပြီးနောက် မော့လိတ်သို့ ဒီးပြန်ရောက်သောအခါ သူ၏အိမ်မှာ လက်သရမ်းဖျက်ဆီးခံထားရပြီး သူ၏ စာကြည့်တိုက်မှာလည်း ပျက်စီးနေပြီဖြစ်ကာ တန်ဖိုးရှိ ကိရိယာများ၊ စာအုပ်များမှာလည်း အခိုးခံရလိုက်လေသည်။[၁၈][၂၉]နောက်ထပ်၍ ဒီးတွေ့ကြုံရသည်မှာ ထိုအချိန်တွင် အင်္ဂလန်၌ ပုံမှန်မဟုတ်သော ဘာသာရေးအသစ်များကို ဝေဖန်ဆန့်ကျင်မှုမှာ မြင့်တက်နေပြီး ဒီး၏ မှော်ပညာကို လေ့လာမှုနှင့် သဘာဝတရားဆိုင်ရာ အတွေးအခေါ်သစ်အတွက် ကောင်းသော ဝန်းကျင်တစ်ခုမဟုတ်ပေ။ အဂ္ဂိရတ်ဖြင့် အင်္ဂလန်၏ စီးပွားရေးကို အထောက်အပံ့ဖြစ်စေခြင်းငှာ ကယ်လီ့ကို အိမ်ပြန်လာအောင် ဒီးက ကြိုးစားနိုင်လိမ့်မည်ဟု မျှော်လင့်ပြီး အယ်လီစဘက် ဘုရင်မက ဒီးကို ကူညီသည်။ ၁၅၉၅တွင် မန်ချက်စတာရှိ "ခရစ်တော်၏ ကောလိပ်" တွင် ဒီးအား ကြီးကြပ်မှူးအဖြစ် ခန့်အပ်သည်။[၃၁]

၁၆၀၅ ခုနှစ်တွင် မန်ချက်စတာမှ လန်ဒန်သို့ပြန်လာသည်။[၃၂]သို့သော်လည်း သူသေသည်အထိ သူ့အား ကြီးကြပ်မှူးအဖြစ် ခန့်အပ်ထားဆဲဖြစ်သည်။[၃၃]အယ်လီစဘက် နတ်ရွာစံ၍ ဂျိမ်းစ် ပထမ နန်းတက်လာသော် ဒီးမှာ အထောက်အပံ့မရတော့ပေ။ ကွယ်လွန်သည်အထိ သူနှင့်အတူနေကာ စောင့်ရှောက်သော သမီး ကတ်သရင်းနှင့်အတူ သူ့ဘဝနောက်ဆုံးကာလကို ရှိစုမဲ့စုမှန်သမျှ ကို ရောင်းချစားသောက်ကာ အသက်ဆက်ရလေသည်။[၃၂] အသက် ၈၂ နှစ်ဝန်းကျင် ၁၆၀၈ သို့မဟုတ် ၁၆၀၉ခုနှစ်တွင် မော့လိတ်၌ ကွယ်လွန်သည်။ (ကွယ်လွန်သည့် ရက်စွဲအတိအကျကို မှတ်တမ်းမှတ်ရာမရှိပေ။ ဒီး၏ သင်္ချိုင်းဂူ အမှတ်တရကျောက်တိုင်မှာလည်း ပျောက်ဆုံးနေသည်။)[၃၄] ၂၀၁၃ ခုနှစ်တွင် စိန့်မေရီဘုရားကျောင်း၏ တောင်ဘက်နံရံတွင် ဒီးအမှတ်တရ ပလိတ်ပြားတစ်ခုကို ချိတ်ဆွဲခဲ့သည်။[၃၅]

ပုဂ္ဂလိက ဘဝ

ဒီးသည် အိမ်ထောင် သုံးကြိမ်ပြုခဲ့ပြီး သားသမီး ရှစ်ယောက်ထွန်းကားခဲ့သည်။ ၁၅၆၅ တွင် ကတ်သရင်း ကွန်စတေဘယ်နှင့် ပထမဆုံး အိမ်ထောင်ကျခဲ့သည်။ သူမမှာ ၁၅၇၄ တွင် ကွယ်လွန်သည်။ သားသမီးမရရှိခဲ့ပေ။ ဒုတိယအိမ်ထောင်မှာ အမည်မသိအမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်ထောင်သက်မှာလည်း သူမကွယ်လွန်သွားသည့် ၁၅၇၆ ထိ တစ်နှစ်သာကြာမြင့်ပြီး သားသမီးမထွန်းကားခဲ့ပေ။[၃၆]၁၅၇၇ခုမှ ၁၆၀၁ခုထိ ဒီးသည် ပြတ်တောင်းပြတ်တောင်း မှတ်တမ်းရေးလေ့ရှိရာ ထိုကာလအတွင်း ကျွန်ုပ်တို့သိရသမျှ သူ့အကြောင်းသတင်းတို့မှာ ထိုမှတ်တမ်း၌ ပါသမျှသာဖြစ်သည်။ ၁၅၇၈ တွင် တတိယအိမ်ထောင်အဖြစ် အသက် ၂၃ နှစ်အရွယ် ဂျိန်း ဖရိုမွန်နှင့် လက်ထပ်ခဲ့သည်။ ထိုအချိန်တွင် ဒီးမှာ ငါးဆယ့်တစ်နှစ်ရှိနေပြီဖြစ်သည်။ ၁၅၈၇တွင် ကယ်လီလုပ်ဇာတ်ထိုးသည့် ဇနီးမယားမျှသုံးရန် ကောင်းကင်တမန်က မှာကြားသည်ဆိုသောကာလက ဇနီးမှာ ထို ဂျိန်း ဒီး( အပျိုဘဝက ဖရိုမွန်)ပင်ဖြစ်သည်။

ဂျိန်းမှာ ၁၆၀၄ ခုနှစ် မန်ချက်စတာတွင်ပင် အကျိတ်ထွက်သော ပလိပ်ရောဂါဖြင့် ကွယ်လွန်ရှာလေသည်။[၃၇] ပရာ့ဂ်တွင် မွေးသော သား မိုက်ကယ်မှာ ၁၅၉၄ခုနှစ် ဒီး၏ မွေးနေ့တွင်ပင် ကွယ်လွန်သည်။ ထရီဘိုနျောတွင် မွေးသော သား သီယိုဒိုမှာ ၁၆၀၁ခုနှစ်တွင် မန်ချက်စတာ၌ ကွယ်လွန်သည်။ သူကွယ်လွန်သည်အထိ အနီးကပ် စောင့်ရှောက်သော သမီး ကတ်သရင်းနှင့် သားနှစ်ဦးဖြစ်သော အာသာ ဒီးနှင့် ရိုလန် ဒီးတို့သာ အသက်ရှည်သည်။[၃၈]သူ၏ သမီးအငယ်များဖြစ်သော မက်ဒီနီယာ၊ ဖရန်စစ်နှင့် မာဂရက်တို့အကြောင်း ၁၆၀၄ ခုနှစ်နောက်ပိုင်းတွင် မှတ်တမ်းမှတ်ရာ မတွေ့ရ၍ ၎င်းတို့အမေကွယ်လွန်သော ပလိပ်ရောဂါဘေးတွင်ပင် ကွယ်လွန်ခဲ့ကြပုံရသည်ဟု မှန်းဆကြသည်။

ဝက်မင်စတာကျောင်းတွင် အာသာကျောင်းတက်နေစဉ် ဒီးက ထိုကျောင်းအုပ်ထံ သူ့သားအတွက် စိတ်ပူကြောင်း စာရေးပို့ခဲ့သည်။ အာသာသည် သူ့ဖခင်၏ သိပ္ပံပညာ၊ အဂ္ဂိရတ်ပညာများကို လက်ဆင့်ကမ်းသင်ယူနိုင်သူဖြစ်ပြီး အထူးသဖြင့် ကယ်လီနှင့် လမ်းခွဲပြီးနောက် သူ့ဖခင်၏ နတ်ဝင်သည်အဖြစ် ကူညီခဲ့သူဖြစ်သည်။ အာသာသည် နောက်ပိုင်းတွင် အဂ္ဂိရတ်ဆရာဖြစ်လာပြီး အဂ္ဂိရတ်၊ ဂမ္ဘီရစာရေးဆရာလည်းဖြစ်လာပြီး သူ၏စာအုပ်များကို အဲလိယတ်စ် အတ်ရှ်မိုးက ထုတ်ဝေပေးခဲ့သည်။

ရှေးဟောင်းပစ္စည်းများ စုဆောင်းလေ့လာသူ ဂျွန် အော်ဘရေ[၃၉]က ဒီး၏ ရုပ်ပုံသွင်ပြင်နှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်။ "သူက အရပ်ရှည်ပြီး ကျစ်လျစ်သွယ်လျတယ်။ အနုပညာရှင်တစ်ယောက်ဝတ်လေ့ရှိတဲ့ ဝတ်ရုံလိုမျိုး ဝတ်ရုံကိုဝတ်ဆင်ထားတယ်။ လက်ကသီစတွေကျလျက်နဲ့ဟာပေါ့။ အဆင်းလှပြီးရှင်းလင်းတဲ့ အသားအရည်မျိုးရှိတယ်။ နို့လို ဖြူဖွေးနေတဲ့ မုတ်ဆိတ်ဖြူကြီးတွေနဲ့။ ရုပ်အရမ်းဖြောင့်တယ်။"[၃၄]

အောင်မြင်ပိုင်ဆိုင်မှုများ

ဂျိုဟန်းနတ်စ် ထရိုင်သမီးယတ်စ်၏ စတက်ဂန်နိုဂရပ်ဖီယာမှ ပုံစံကားချပ်တစ်ခု(၁၅၉၁ တွင် လက်ရေးမူတစ်ခုလုံးကို ဂျွန်ဒီးက ကူးယူခဲ့)

အတွေးအမြင်

ဒီးသည် အပြင်းအထန် ဘာသာတရားကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်ခဲ့သည်။ သို့သော် သူ၏ယုံကြည်မှုအမြင်တွင် ဝိဇ္ဇာဓိုရ်နှင့် ရီနေးဆွန့်ကာလတွင် ပျံ့နှံ့ခဲ့သော ပလေတိုးနစ် ပိုက်သာဂိုရီယန် အယူဝါဒ၏ လွှမ်းမိုးမှုများပါသည်။[၄၀] ကိန်းဂဏန်းတို့သည် အရာအားလုံးတို့၏ အခြေခံအကြောင်းတရားဖြစ်ပြီး အသိဉာဏ်ပညာအတွက်အခရာဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းမှုသည် ကိန်းဂဏန်းအရဖြစ်သည်ဟု ယုံကြည်သည်။[၁၉]ဝိဇ္ဇာဓိုရ်အတတ်မှ သူ၏ယုံကြည်ချက်မှာ လူသားတို့သည် သိဒ္ဓိတန်ခိုးရရှိနိုင်သည့် အလားအလာရှိပြီး ထိုသိဒ္ဓိတန်ခိုးကို ကိန်းဂဏန်းများကို လေ့ကျင့်ခြင်းမှ ရရှိနိုင်သည်ဟု ယုံကြည်သည်။ သူ၏ လျှို့ဝှက်နက်နဲသော ဒေဝတာမှော်နှင့် လက်တွေ့အသုံးချသင်္ချာတို့သည် ၎င်းတို့အား ယနေ့အများက ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်နယ်ပယ်နှစ်ခုအဖြစ်မြင်နေသကဲ့သို့ မဟုတ်ဘဲ တူညီသောလမ်းစဉ်တစ်ခုတည်းမှ ကြီးမြတ်သောနှင့် သူလိုငါလိုဟူသည့် အစွန်းနှစ်ဖက်သာဖြစ်သည်။[၂၃]သူ၏ အန္တိမရည်မှန်းချက်မှာ ရိုးရှင်း၍ ညီညွှတ်သော ကမ္ဘာလုံးဆိုင်ရာ ဘာသာတရားတစ်ရပ်ကို တည်ထောင်ရန်ဖြစ်သည်။[၁၉]

ဂုဏ်သတင်းနှင့် အရေးပါမှု

ပြက္ခဒိန်

ဒီးသည် တိုင်ချို ဘရာဟီ၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်အပြင် နီကိုးလတ်စ် ကော့ပါးနိကတ်စ်၏ လုပ်ငန်းစဉ်နှင့် အကျွမ်းတဝင်ရှိသူဖြစ်သည်။ သူ၏ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုအများအပြားမှာ ကော့ပါးနိကတ်စ် ယူဆချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ ပြက္ခဒိန်ပြန်လည်ပြုပြင်ရာတွင် ဒီးသည် ကော့ပါးနိကတ်စ် သီအိုရီကို အသုံးပြုခဲ့သည်။ ၁၅၈၃ ခုနှစ်တွင် ဘုရင်မကြီးမှ ဒီးအား ဂရီဂိုရီယန် ပြက္ခဒိန်ကို ပြုပြင်ရာတွင် အကြံပေးရန် အကူအညီတောင်းခဲ့သည်။ သို့သော်လည်း သူအကြံပေးခဲ့သည်များကို ငြင်းဆန်ခဲ့သည်။[၁၉]

ဗွိုင်းနစ်ချ် လက်ရေးမူ

ဗွိုင်းနစ်ချ် လက်ရေးမူနှင့် ဒီးမှာ မကြာခဏ အတူဆက်နွယ်ခဲ့သည်။ [၂၅][၄၁]၁၉၁၂ ခုနှစ်တွင် မူလလက်ရေးမူကို ပြန်လည်ဝယ်ယူခဲ့သော ဆက်ခံသူ ဝီးလ်ဖရစ် မိုက်ကယ် ဗွိုင်းနစ်ချ်က ဒီးသည် မူလလက်ရေးမူကို ပိုင်ဆိုင်ခဲ့ပြီး ရိုမန်အင်ပါယာပြည့်ရှင် ရူးဒေါ့ ဒုတိယထံရောင်းချခဲ့ခြင်းဖြစ်နိုင်သည်ဟု မှန်းဆသည်။ သို့သော် ဒီး၏ မှတ်တမ်းစာအုပ်တွင်မူ ရောင်းချမှုနှင့်ပတ်သက်၍ ရေးမှတ်ထားသည့် အထောက်အထားမတွေ့ရပေ။ အခြား သက်သေပဟေဠိဝှက် စာအုပ်တစ်အုပ်ဖြစ်သည့် "ဆွိုင်ဂါ စာအုပ်"ကိုလည်း ဒီးပိုင်ဆိုင်ခဲ့သည်ဟု သိကြသည်။[၄၂]

ရေးသားခဲ့သမျှ

  • မိုနတ်စ် ဟိုင်ရာရိုဂလစ်ဖစ်ကာ ကျမ်း၊ ၁၅၆၄ ခုနှစ်။
  • ယူကလစ်၏ အခြေခံသဘောတရားများကျမ်းကို ဘီလင်စလေ ဘာသာပြန်သည့်မူတွင် ကျမ်းဦးနိဒါန်းစကား၊ ၁၅၇၀ ခုနှစ်။
  • ဂြိုဟ်ကြီး ခုနှစ်လုံး၏ ထူးခြားဆန်းပြား နည်းဥပဒေများ၊ ၁၅၈၂-၈၃။

ရှေးခေတ်လူ့အသုံးအဆောင်ပစ္စည်း

လက်ရှိ ဗြိတိသျှ ပြတိုက်တွင်ပြသထားသော ဒီးမှော်စီရင်ရာတွင် သုံးခဲ့သော ပစ္စည်းများ

ဒီးပိုင်ဆိုင်သည့် ဝိဉာဉ်ပိုင်းဆိုင်ရာ တွေ့ဆုံပွဲများနှင့် ပတ်သက်သော ပစ္စည်းအများအပြားကို ဗြိတိသျှ ပြတိုက်တွင် ပြသထားသည်။[၄၃]

  • ဒီး၏ ကြေးမုံ (သို့မဟုတ်) မီဆိုအမေရိကန် ယဉ်ကျေးမှုမှ မှန်ချပ်များ (၁၅၂၀ ဝန်းကျင်တွင် ဥရောပသို့ ရောက်လာသော အက်ဇတက်တို့၏ မီးသင့်ကျောက်ကို ဖန်ကဲ့သို့သွေးပြီးပြုလုပ်ထားသည့် လက်ကိုင်မှန်ပုံစံ အစီအရင်ပစ္စည်းတစ်ခု)[၄၄] ဂျနီဖာ ရမ်ပလင်က ဤပစ္စည်းကို ဒီးမပိုင်ခဲ့ဟုဆိုသည်။
  • ဒီး အစီအရင်ပြုရာ စားပွဲ၏ ခြေတွင် ကပ်ထားသော ချိတ်တံဆိပ်ငယ်လေးများ။
  • "ရှူးကျောက်တုံး"ဟုခေါ်သည့် သလင်းကျောက်လုံးတွင် ပီပီသသ အလှဆင်ရေးချယ်ထားသော "ဘုရားသခင်၏ တံဆိပ်တော်"ဟူသည့် ချိတ်တံဆိပ်ကြီး။
  • ကယ်လီ၏ အမြင်များမှ တစ်ခုကို ထွင်းထားသည့် ရွှေနှင့်ပြုလုပ်သည့် အဆောင်လက်ဖွဲ့တစ်ခု။
  • သလင်းကျောက်လုံးတစ်လုံး၊ ဒီး ပိုင်ဆိုင်ခဲ့သည့် ကျောက်မြတ်တွင်းထွက်ဆိုင်ရာ စုဆောင်းမှုတွင် နှစ်များစွာ သတိမထားမိခဲ့ကြသော အချင်း ၆ စင်တီမီတာရှိ ကျောက်လုံး။ [၄၅]

၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် "ရှူးကျောက်တုံး"နှင့် နစ်ကိုးလတ်စ် ကူလ်ပက်ပါ ရေးသည့် ၁၇ ရာစု အလယ်မူ ၎င်းကျောက်တုံး အသုံးပြုနည်း နှစ်ခုလုံးကို လန်ဒန်ရှိ ပြတိုက်မှ အခိုးခံရသည်။ နောက်ပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။[၄၆]

စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ညွှန်းဆိုခံရမှု

ဒီးသည် သူ့ခေတ်ပြိုင်များ၏ စာပေ အရေးအသားများတွင် ထင်ရှားသော ပုံရိပ်တစ်ခုအဖြစ် ဖော်ကျူးခံခဲ့ရသည်။ ဆက်လက်၍လည်း မှော်၊ အစီအရင်တို့နှင့်သက်ဆိုင်ကာ ဒီး၏ဘဝကာလအချိန်တွင် အခြေတည်ထားသော စိတ်ကူးယဉ်ဝတ္ထုများတွင် ထင်ရှားသော ပုံရိပ်အဖြစ် သရုပ်ဖော်ခံရဆဲဖြစ်သည်။

၁၆ နှင့် ၁၇ ရာစုများ

  • အက်ဒ်မွန် စပန်ဆာသည် ဒီးကို ၁၅၉၆ထုတ် "ဖယ်ရီ ဘုရင်မ"တွင် ညွှန်းဆိုခဲ့သည်။[၄၇]
  • ၁၆၁၀-၁၁ တွင် ရေးသားခဲ့သော မုန်တိုင်း ပြဇာတ်တွင် ဝီလီယံ ရှိတ်စပီးယားသည် ဇာတ်ကောင် ပရိုစပါရိုကို ဒီးအားအခြေခံ၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။[၂၅]
  • ၁၆၆၆ ခုနှစ်ထုတ် မာဂရက် ကာဗန်ဒစ်ခ်ျ၏ "လှောင်မြိုက်နေသော ကမ္ဘာ"စာအုပ်မှ ဝိဉာဉ်များသည် ဒီးအကြောင်းထည့်ပြောခဲ့သည်။

၁၉ ရာစု

  • ၁၈၄၀ ခုနှစ်ထုတ် "ဂိုင်း ဖောကစ်"ဝတ္ထုတွင် စာရေးဆရာ ဝီလီယံ ဟာရစ်ဆင် အိန်းဆွော့က ဒီးအား ဇာတ်ကောင်တစ်ကောင်အဖြစ် ထည့်သွင်း ဖန်တီးခဲ့သည်။

၂၀ ရာစု

  • ဂျွန်ဒီးအား သူ၏ စိတ်ကူးယဉ် အမွေခံ ဘာရွန် မြူရယ်လာနှင့်အတူ အဓိက ဇာတ်ကောင်အဖြစ် ဂူစတဗ် မေရင့်ခ်က သူ၏၁၉၂၇ ခုနှစ်ထုတ် "အနောက်ပြတင်းမှ တမန်တော်"(မူရင်း ဂျာမန် ခေါင်းစဉ်- Der Engel vom westlichen Fenster)တွင် ထည့်သွင်းဖန်တီးခဲ့သည်။
  • အီယန် ဖလန်းမင်းသည် ဂျိမ်းစ် ဘွန်း၏ ကုဒ်နံပါတ် 007 ကို ဂျွန်ဒီးထံမှ ယူခဲ့ခြင်းဖြစ်သည်။[၄၈]ဖလန်းမင်းသည် ၁၉၅၃ ခုနှစ်တွင် ပထမဆုံး ဂျိမ်းစ် ဘွန်း ဝတ္ထု ကိုရေးနေစဉ် ဒီး၏ ဘဝအမှတ်တရ စာတစ်ပုဒ်ကို ဖတ်မိရာမှ စိတ်ကူးရခဲ့ခြင်းဖြစ်သည်။
  • ၁၉၇၈ခုနှစ်ထုတ် ရုပ်ရှင်ဇာတ်ကား "ဂျူဘလီ"တွင် ဒီးသည် အဓိက ဇာတ်ကောင်ဖြစ်သည်။
  • ၁၉၈၇ မှ ၂၀၀၇ အတွင်း ထွက်ရှိခဲ့သော Ægypt အမည်ရှိ ဝတ္ထုလေးအုပ်တွဲတွင် ဒီးသည် အဓိက ဇာတ်ကောင်ဖြစ်သည်။[၄၉]
  • ၁၉၉၄ ထုတ် ဂရန့် လီး ဘက်ဖဲလိုး၏ "ကောင်းသောညပါ ဂျွန်ဒီး"သီချင်း၏ အကြောင်းအရာမှာ ဂျွန်ဒီးဖြစ်သည်။

၂၁ ရာစု

  • ဂျွန်ဒီးသည် အိုင်းရွန်း မေဒန်ရော့ခ်အဖွဲ့၏ ၂၀၁၀မှ သီချင်းတစ်ပုဒ်တွင် အကြောင်းအရာဖြစ်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ဘက္ကရီအီးဒ်အောင်ဆန်းအောင်ဆန်းစုကြည်မြန်မာပြည်ဂျပန်နိုင်ငံဒုတိယ ကမ္ဘာစစ်ပုဂံမြန်မာအမျိုးသမီးများနေ့မြန်မာနိုင်ငံကျန်စစ်သားမူးယစ်ဆေးဝါးမေတ္တသုတ်ကားလိုး ကော်လိုဒီထိုင်းနိုင်ငံပဋ္ဌာန်းမဟာသမယသုတ်ဂေါတမဗုဒ္ဓပီမိုးနင်းသိပ္ပံပညာအလောင်းမင်းတရားအာဇာနည်နေ့စင်ကာပူနိုင်ငံတပ်မတော်ရွှေတိဂုံစေတီတော်မင်းအောင်လှိုင်အနော်ရထာကမ္ဘောဒီးယားနိုင်ငံသောမတ် အက်ဒီဆင်ဘုရင့်နောင်အဲလ်ဘတ် အိုင်းစတိုင်းအော်ကာမြန်မာတိုင်းရင်းသားမျိုးနွယ်များတပ်မတော် (ကြည်း)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အရှေ့တောင်အာရှနိုင်ငံများအသင်းသမုဒ္ဒရာကျိုက်ထီးရိုးဘုရား